ဒီ ဘလော့မှာ Tech အကြောင်း၊ Data အကြောင်းတွေပဲ ရေးမယ်လို့ စဥ်းစားထားပေမယ့် ဒီနှစ်ပိုင်းမှာ ကျနော့်ကိုယ်ကို ကျနော် ရှာကြည့်ရင်း ပိုသိသိလာတဲ့ ADHD အကြောင်းတွေကို မျှဝေဖို့အတွက်ပါ တွေးဖြစ်တာပါ။ စကားခံ အနေနဲ့ကတော့ ကျနော်ကိုယ်တိုင်လဲ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၊ပညာရှင် ဟုတ်မနေတဲ့အပြင် ADHD Diagnosis ကိုလဲ သေချာ မလုပ်ဖူးသေးတာမို့ တချို့အကြောင်းအရာတွေက မှားယွင်းနိုင်ပါတယ် (သို့မဟုတ်) ကိုယ်ပိုင်ယူဆချက်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ADHD နဲ့ ပတ်သတ်ရင် အကောင်းဆုံးကတော့ ကျွမ်းကျင်ပညာရှင် နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကျနော့်စာတွေထဲကနေ ထည့်သွင်း စဥ်းစားရုံလောက် ရသွားရုံလောက်ပဲ မျှော်လင့်ပါတယ်။ ကျနော့် အာဘော်ကို ထည့်သွင်းတဲ့ ရည်ရွယ်ချက်က မြန်မာဘာသာစကား နဲ့ ADHD အကြောင်း Patient (လူနာ)နေရာကနေ လက်တွေ့ခံစားချက်တွေကို မျှဝေတဲ့ နေရာတွေ များလာဖို့ သပ်သပ်သာ ဖြစ်ပါတယ်။
အတတ်နိုင်ဆုံးတော့ ကျနော် ဖတ်မိသမျှ စာအုပ်တွေထဲက အကြောင်းအရာတွေကို ဘာသာပြန်တဲ့ ပုံစံအနေနဲ့ပဲ ရေးသွားမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီစာအုပ်တွေကို ရေးသားသူ စာရေးဆရာကြီးတွေကတော့ Research နှစ်ပေါင်းများစွာ ပြုလုပ်ထားတဲ့ အတွေ့အကြုံတွေနဲ့ ရေးသားထားတာကြောင့် ပိုမို ယုံကြည်ရနိုင်ပါတယ်။
ADHD ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးတာ ကြာပြီဖြစ်ပေမယ့် အရင်ကတော့ ကြားဖူးနားဝ အဆင့်နဲ့ ကိုယ့်ဘာသာကိုယ် ADHD ဖြစ်နေပါပြီ ဆိုတာမျိုး မလုပ်မိ/မဖြစ်ချင်မိတာကြောင့် အသေးစိတ် လေ့လာဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် အသက် ၃၀ ကျော် ရောက်တဲ့အချိန်အထိ ကျနော့် ပြဿနာတွေက ပိုပိုဆိုးလာတယ်လို့ ခံစားရတယ်။ အထူးသဖြင့် အလုပ်ခွင်ထဲမှာ Time Management မလုပ်နိုင်တာ ၊ Procastination ဖြစ်နေတာတွေ နေ့တိုင်းလိုလို ကြုံတွေ့လာရတော့ ဒီအတွက် အဖြေရှာမှ ရမယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်လာတယ်။ နောက်ပြီး အသက် ၃၀ ကျော်တဲ့အချိန်မှာ အနာဂါတ်အကြောင်း ၊ မိသားစုအကြောင်း ၊ ကိုယ့် ရည်မှန်းချက်တွေအကြောင်း ပိုမို စဥ်းစားလာရတဲ့အခါမှာကျ စိုးရိမ်စိတ်လွန်ကဲတာတွေ၊ ည အိပ်မပျော်တာတွေ ၊ စိတ်ဓါတ် အတက်အကျ အရမ်းမြန်တာတွေ ဖြစ်လာတာတွေကြောင့်လဲ ပါပါတယ်။
ဒီဆောင်းပါးမှာတော့ Delivered from Distraction - Getting the Most out of Life with Attention Deficit Disorder (Edward M. Hallowell & John J. Ratey) စာအုပ်ထဲက ကျနော် ဖတ်မိသမျှ အချက်တွေကို ပြန်လည်မျှဝေမိတာပါ။ ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ ကျနော့်ငယ်ဘဝ ရုန်းကန်ခဲ့ရတဲ့အချိန်တွေကို ပြန်သတိရမိတဲ့အထိ ဖြစ်မိလို့ပါ။ ကျနော် ငယ်စဥ်က မူလတန်း၊အထက်တန်းကျောင်းသားဘဝမှာ မိဘအသိုင်းအဝိုင်းကြားမှာ "ဒီ ကလေး ဥာဏ်ကောင်းတယ် ၊ စာတော်တယ် ၊ သွက်တယ်" စသဖြင့် ချီးကျူးမှုတွေကြားထဲ နေခဲ့ရပါတယ်။ ဒါပေမယ့် ကျနော့် အထက်တန်းကျောင်းသားဘဝမှာ အဆင့် ၁ ဆိုတာမျိုး ဆက်တိုက်ရခဲ့တာမျိုး မရှိခဲ့ဖူးဘူး။ ဆုတချို့ ရတယ်၊ တခါတလေ အဆင့် ၁-၃ ဝင်တယ်။ မတော်ဘူးလား ဆိုတာတော့လဲ မဟုတ်ဘူး - တော်သလား ဆိုတာမျိုးလဲ မဟုတ်ပြန်ဘူး ဆိုတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တယ်။ ဒီနေရာ မှာ အဆင့် ဆိုတာကို ကျောင်းသားတစ်ယောက် တော်ခြင်း၊မတော်ခြင်း အတွက် ဆုံးဖြတ်စေချင်လို့ ပြောနေတာမဟုတ်ပါဘူး။ ကျနော့်ဘဝ နောက်ပိုင်းမှာ "အဆင့် Grade ဆိုတာ ဘဝမဟုတ်ဘူး" ဆိုတာမျိုးအထိ သူပုန်အတွေးနဲ့ ခါးခါးသီးသီး ပေါက်ကွဲတဲ့အထိ ဖြစ်သွားစေတာပါ။ အထူးသဖြင့် မြန်မာအသိုင်းအဝိုင်းမှာ အရေးကြီးတဲ့ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးမဲ့ အောင်ပြီးတဲ့နောက်ပိုင်းမှာ ပိုဖြစ်တာပေါ့။ ဒါပေမယ့် အခုအချိန် ဒီစာအုပ် အပါအဝင် ADHD အကြောင်း စာအုပ်တွေ ဖတ်မိတော့နဲ့မှ - "အော် ... ငါ အဲဒီတုန်းက အခြေအနေတွေက စိန်ခေါ်မှုတွေ ရင်ဆိုင်နေရလို့ ဖြစ်တာပါလား" ဆိုတာမျိုး ပြန်သုံးသပ်မိပါတယ်။
ကျနော့် ငယ်ဘဝတုန်းက "ငါ့မှာ သူများနဲ့ မတူတဲ့ အခြေအနေတွေရှိနေသလား" ဆိုတဲ့ စိတ်ခံစားချက်တွေ နဲ့ ဖြစ်ခဲ့ပေမယ့် အဖြေတော့ သေချာမရှိခဲ့ဘူး။ မိဘနဲ့ ဝေးရာမှာ ပညာသင်ခဲ့ရတာတွေရော ၊ မြန်မာအသိုင်းအဝိုင်းမှာကျ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ counselling လုပ်ပေးတာ ၊ အသိပညာ ဖြန့်ဝေမှုအားနည်းတာတွေရောကြောင့်ပေါ့။ နောက်ပြီး တခုခုဆိုရင် "ဒီကောင် ငပျင်း ၊ သောက်သုံးမကျဘူး ၊ ဘယ်သူ့ သားသမီးကတော့ ဘယ်လိုတွေ ဖြစ်နေပြီ ၊ ငါ့သားသမီး/ငါ့တပည့်ကိုတော့ ဘယ်အဆင့်ထိ ဖြစ်စေချင်လိုက်တာ" စသဖြင့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ၊ ရိုက်ခတ်မှုတွေ၊တွန်းအားတွေကြားမှာ ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့အခြေအနေမျိုးပါ။ ဒါကို ကူညီပေးတာမျိုးတွေ ရှိလာစေချင်ပါတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေမှာ မရှိခဲ့ပါဘူး။ ဒါကလဲ မိဘ၊ဆွေမျိုးအသိုင်းအဝိုင်း ရဲ့ အပြစ်လို့ မပြောလိုပါဘူး။ ခေါက်ရိုးကျိုးနေတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု၊ အထူးသဖြင့် ဆေးပညာ၊စိတ်ပညာ မတိုးတက်၊မကျင့်သုံးနိုင်တဲ့ နိုင်ငံ၊အသိုင်းအဝိုင်းက လူတွေ အနေနဲ့ သူတို့ကိုယ်တိုင် မသိလိုက်ပဲ လုပ်လိုက်မိတဲ့ တွန်းအားတွေပါ။ ဒါပေမယ့် ဒီလိုအခြေအနေကြားမှာ ကလေးတစ်ယောက်အနေနဲ့ ADHD အသွင်လက္ခဏာတွေ ရင်ဆိုင်နေလို့ ရင်ဆိုင်နေရမှန်း မသိပဲ ခံစားချက်ပေါင်းများစွာနဲ့ ကျော်ဖြတ်ခဲ့ရတယ် ဆိုတာ အသက် ၃၀ ကျော် တစ်ယောက်အနေနဲ့ သက်သေခံချင်ပါတယ်။
အဲဒီ ခံစားချက်၊ပြဿနာတွေကို Edward နဲ့ John တို့ရဲ့ စာအုပ်ထဲမှာ Disadvantageous Characteristics (Ch 1 - The skinny on add , Page - 5) အားနည်းချက်များအနေနဲ့ ဖွင့်ဆိုထားပါတယ်။ သူတို့ ရှင်းပြချက်တွေကို သင့်လျော်သလို မြန်မာ ဘာသာပြန်လိုက်ပါတယ်။
ADD/ADHD လက္ခဏာ ရှိသူများမှ အများစု ကြုံရလေ့ရှိတဲ့ ဆိုးရွားသော အပြုအမူ၊ဓလေ့စရိုက်များ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ကောင်းမွန်တဲ့ အကြံဥာဏ် ideas တွေကို actions အဖြစ် ပြောင်းလဲ အကောင်ထည်ဖော်ရာမှာ အခက်အခဲ ရှိတယ်။ ဒါမှမဟုတ် ကောက်ရိုးမီး လို ခနတဖြုတ် ထလုပ်ရုံပဲ လုပ်ပြီး အပြီးသပ်တဲ့အထိ မလုပ်တာ။
- သူတို့ဘဝ၊အကြောင်းကို တဖက်လူကို နားလည်ဖို့ ရှင်းပြရာမှာ အခက်အခဲရှိတယ်။
- အောင်မြင်မှုတွေ ရသင့်သလောက် မရဘူး။ ကျောင်းမှာ၊ အလုပ်မှာ နေရာတခုကို ရောက်နေပေမယ့် တကယ်တမ်း လျှို့ဝှက်ချက် key ကိုသာ ရှာတွေ့ခဲ့ရင် ဒီထက် ပိုမြင့်တဲ့၊ထိုက်တန်တဲ့ နေရာတစ်ခုမှာ ရှိနေသင့်တယ်ဆိုတာ သူတို့ကိုယ် သူတို့ သိတယ်။
- အာရုံတွေ ထွေပြားနေတာကြောင့် စိတ်ခံစားချက် mood က အပြောင်းအလဲ မြန်နေတယ် (ဒေါသထွက်လိုက် ၊ စိတ်ဓါတ်ကျလိုက်ဖြစ်တယ်)
- ငွေကြေးနဲ့ ပတ်သတ်ရင် (သို့) ဖြစ်သင့်ဖြစ်ထိုက်တဲ့ ငွေကြေးအစီအမံ financial plans တွေကို စီမံ ခန့်ခွဲရာမှာ အင်မတန် ညံ့တယ်။
- စိတ်ညစ်စရာ ၊ စိတ်ဓါတ်ကျစရာ ၊ အာရုံထွေပြားစရာတွေ ကြုံလာရင်လဲ သည်းမခံနိုင်ဘူး။ ရင်ဆိုင်နိုင်စွမ်း မရှိဘူး။
- ရွှေတလှည့် ၊ ကြေးတလှည့် အခြေအနေမျိုး ကြုံနိုင်တယ်။ ADHD ရှိတဲ့သူတွေက ဒီ တစ်နာရီအတွင်းမှာ ကောင်းကောင်းလုပ်နေပေမယ့် နောက်တစ်နာရီ ကျရင် တမျိုး ပြောင်းသွားပြန်ရော။
- ဆရာသမားတွေ ၊ မိဘအသိုင်းအဝိုင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေကနေ "အပျင်းကြီးသူ" ၊ "ရေသာခိုသူ" ၊ "Attitude problem ရှိသူ" စသဖြင့် label အတပ်ခံရတဲ့ သမိုင်းကြောင်း ရှိနိုင်တယ်။ တကယ်တော့ ပတ်ဝန်းကျင်က အမှန်တကယ် ဘာဖြစ်နေသလဲ (ADHD ရှိနေနိုင်တယ်) ဆိုတဲ့ အခြေအနေကို မသိတဲ့အခါမှာ တံဆိပ်ကပ်ခံရတာမျိုးပါ။
- သန့်သန့်ရှင်းရှင်း ၊ သပ်သပ်ရပ်ရပ် မနေတတ်ဘူး။ Organize ဖြစ်မနေဘူး။ ADHD ရှိတဲ့ ကလေးတစ်ယောက်ရဲ့ လွယ်အိတ်တွေ ၊ ဗီဒိုတွေက ရှုပ်ယှတ်ခတ်နေနိုင်တယ်။ ADHD ရှိတဲ့ လူငယ်တစ်ယောက်ရဲ့ အခန်းကလဲ အမြဲတစေ ပရမ်းပတာ ဆန်နေနိုင်ပါတယ်။
- အချိန်ကို မစီမံ မခန့်ခွဲတတ်ဘူး။ ADHD ရှိတဲ့သူတွေက အလုပ်တခုကို ဘယ်လောက်ကြာကြာ လုပ်ရင် ပြီးမြောက်နိုင်မယ်ဆိုတာကို မတွက်ချက်နိုင်ပါဘူး။ အများအားဖြင့် ပျင်းရိလေးတွဲပြီး အချိန်ဆွဲ (Procrastinate) လုပ်နေတတ်တယ်။ Deadline နောက်ဆုံးအချိန် last minute ကျမှ ကောက်လုပ်တတ်တဲ့ အလေ့အကျင့်ကိုလဲ အမြဲကျင့်သုံးနေတတ်တယ်။
- လှုံ့ဆော်မှု မြင့်တဲ့အရာ (high stimulation) ကို ရှာနေတတ်တယ်။ ADHD ရှိသူတွေက အန္တရာယ် (သို့) စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့အလုပ်တွေကို စိတ်ဝင်စားတတ်တယ်။ ဥပမာ - စိတ်ရှင်းရှင်းနဲ့ တွေးနိုင်ဖို့အတွက် ဆိုင်ကယ်၊ကားတွေကို 100 mph မြန်နှုန်းမြင့် မောင်းတတ်တဲ့အကျင့်မျိုး။
- ADHD ရှိသူတွေက အများလုပ်တဲ့အတိုင်း လိုက်လုပ်တာမျိုး ၊ ရှေးရိုးစွဲ လုပ်တတ်တာမျိုးကို မကြိုက်ကြပဲ ကိုယ့်သဘောနဲ့ ကိုယ် ၊ ကိုယ့်နည်းလမ်းနဲ့ ကိုယ် လုပ်ချင်ကြတယ်။ (ဒါက ဆိုးတာလဲ ဖြစ်နိုင်သလို ကောင်းတဲ့ စရိုက်လဲ ဖြစ်နိုင်ပါတယ်)
- စိတ်မရှည်ဘူး။ ADHD ရှိသူတွေက လူတန်းရှည်ကြီးမှာ စောင့်ရတာတွေ (သို့မဟုတ်) အခြားလူတယောက်ယောက်ကို စောင့်ပေးရတာမျိုးတွေကို မကြိုက်ကြဘူး။
- အတွေးတွေ များပြီး အာရုံအပြောင်းအလဲ မြန်တာ (သို့) ပြောင်းလဲတာကို ထိန်းချုပ်နိုင်စွမ်း မရှိတာ။ စာဖတ်နေရင်း တန်းလန်းနဲ့ တခုခု ကို ပြောင်းလုပ်မိတာမျိုး ၊ စကားပြောလက်စ နဲ့ တခြားကို အာရုံ ရောက်သွားတာမျိုး။
- အာရုံစိုက်မှု နဲ့ ဆက်ဆံရေး ပေါ်မူတည်ပြီး တခါတလေ အလွန် နားလည်မှု၊စာနာမှု ပေးတတ်ပေမယ့် တခါတရံမှာတော့ ကိုယ်ချင်းစာစိတ် မရှိသူလိုမျိုး ဖြစ်တတ်တယ်။
- ကိုယ်ပိုင် အားသာချက်တွေကို appreciate လုပ်နိုင်စွမ်းနည်းတယ်။ ကိုယ့် အားနည်းချက်၊ညံ့ဖျင်းချက်တွေကိုလဲ ခွဲခြားနိုင်စွမ်း နည်းတယ်။
- အရက် ၊ မူးယစ်ဆေးဝါး ၊ လိင်မှုကိစ္စ ၊ လောင်းကစား ၊ အလွန်အကျွံစားသောက်ခြင်း စတဲ့ စွဲလမ်းစေတဲ့ activities တွေကို ကိုယ့်ကိုယ်ကို self-medicate ဖြေဖျောက်သလိုမျိုး လုပ်လေ့ရှိတယ်။
- activity တခုခု ၊ အလုပ်တခုခုကို ပြီးဆုံးအောင်ထိ မလုပ်နိုင်ဘူး။ ကောက်ရိုးမီးလို ခန လုပ်ပြီး ရပ်သွားတတ်တယ်။
- အကြောင်းပြချက် ရေရေရာရာ မရှိပဲ ဦးတည်ရာ direction တွေ ပြောင်းတာ ၊ အစီအစဥ် plan တွေ ပြောင်းတာ ၊ channels တွေ ပြောင်းတာမျိုး လုပ်လေ့ ရှိတယ်။
- အမှားတွေကနေ သင်ခန်းစာ မယူတတ်ဘူး။ ADHD ရှိသူတွေက အရင်တခါက မှားထားဖူးပြီးသား နည်းလမ်းကိုပဲ မကြာခန ထပ်သုံးတတ်တယ်။
- ကိုယ်ကိုယ်တိုင် လုပ်တဲ့အမှား (သို့) တခြားသူတယောက်က ကိုယ့်အပေါ် ကျူးလွန်လိုက်တဲ့အမှားတွေကို မေ့လွယ်တယ်။ အလွယ်တကူ ခွင့်လွှတ်ပေးတတ်တယ် လို့ မြင်နိုင်ပေမယ့် အမှန်တကယ်တော့ ကိစ္စတွေကို အလွယ်တကူ မြန်မြန်ဆန်ဆန် မေ့ပလိုက်တာမျိုးပါ။
- ပတ်ဝန်းကျင်ကို မဖတ်တတ်ဘူး။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်း အသစ်တွေ ရှာဖို့ ဖြစ်ဖြစ် ၊ ရှိပြီးသား ခင်မင်ရင်းနှီးမှုကို ရေရှည်ထိန်းသိမ်းဖို့ပဲ ဖြစ်ဖြစ် လုပ်ဖို့ရာ အခက်အခဲ ရှိတတ်တယ်။
- ကိုယ့်အတွေးထဲမှာ ကိုယ် မျောနေတတ်တယ်။ ဘေးနားမှာ ဘာပဲဖြစ်နေနေ ဂရုမစိုက်တော့ဘူး။
အထက်ပါ အားနည်းချက်တွေ ရှိသလို အားသာချက်တွေကိုလဲ Edward နဲ့ John တို့က Advantageous Characterstics အနေနဲ့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
- ADHD ရှိသူတွေမှာ Creative talents ထူးခြားတဲ့ အစွမ်းအစတွေ ရှိတယ်။ များသောအားဖြင့် diagnosis မလုပ်ခင်မှာ တိမ်ငုတ်နေတာမျိုး ဖြစ်တတ်တယ်။
- out-of-the-box thinking - သူများတွေ မတွေးမိတဲ့ နည်းလမ်းမျိုးတွေကို တွေးတတ်တယ်။ Original လဲ ဖြစ်တယ် (လုပ်ယူပြီး တွေးနေစရာ မလိုဘူး)။
- ဘဝကို တခြားသူတွေ မမြင်တဲ့ ရှုထောင့်ကနေ မြင်တတ်တယ်။ ကြောင်တောင်တောင်နိုင်တဲ့ ဟာသတွေ လုပ်တတ်တယ်။ အရာရာကို အခြားသူက မခန့်မှန်းနိုင်တဲ့ နည်းလမ်းနဲ့ ချဥ်းကပ်တာမျိုးလုပ်တယ်။
- ဒူပေ ဒါပေခံတယ်။ တခုခုကို တကယ် လိုချင်ရင် စွဲစွဲမြဲမြဲနဲ့ ကြံ့ကြံ့ခံ လုပ်တတ်တာမျိုး။ ခေါင်းမာတာမျိုး မဟုတ်ဘူး။
- ကြင်နာ နွေးထွေးတဲ့ နှလုံးသား ရှိတယ်။ ရက်ရောတတ်တယ်။
- တခုခုဆိုရင် ကိုယ့် gut feelings (အတွင်းစိတ် ကဖြစ်တဲ့ inner sense) ကို ယုံကြည်ပြီး ဆုံးဖြတ်ချက် ချတတ်တယ်။
ဒီ အပေါ်က အချက်တွေက ADHD ဖြစ်နေတဲ့ လူတွေမှာ အတွေ့များတဲ့ ကောင်းခြင်း၊ဆိုးခြင်း လက္ခဏာတွေပါ ။ Edward နဲ့ John က စာအုပ်ထဲမှာ ထည့်ပြောထားသလို ADHD လူ နှစ်ယောက်ပဲ ရှိရင်တောင် တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာ မတူပါဘူး။ အဲဒါဆိုတော့ တချို့အရာတွေက ကိုယ့်ဆီမှာ ဖြစ်ချင် ဖြစ်မယ်၊ ဖြစ်ချင်မှလဲ ဖြစ်ပါလိမ့်မယ်။ ကျနော့်အတွက်တော့ အပေါ်က ဖော်ပြချက်တွေက တော်တော်များများတိုက်ဆိုင်တယ် လို့ ခံစားရတယ်။ ဘာကြောင့် ဒီလို ပြောနိုင်တာလဲ ဆိုတော့ ဘာသာပြန်နေတဲ့အချိန်တွင်းမှာ ကျနော့်အတွက်က ကိုယ့်အကြောင်းကိုယ်ချရေးလိုက်ရသလိုမျိုး ဖြစ်နေလို့ပါ။ တချို့ စကားလုံးတွေဆိုရင် မူရင်းရေးထားတာကို အခြေခံပြီး ကျနော် ခံစားရတာတွေနဲ့ နှိုင်းယှဥ်ပြီး ဘာသာပြန်ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ - အထက်ပါ ပြောထားသလိုပဲ ကိုယ် ခံစားနေရတာတွေကို ကျွမ်းကျင်သူ ပညာရှင် ၊ ဆရာဝန်တွေဆီမှာ ဆွေးနွေးပြီးမှ အတည်ပြုပါ။ ကျနော်ကိုယ်တိုင်လဲ ADHD Diagnosis လုပ်ဖို့ စီစဥ်နေပါတယ်။